အာဆင်နယ်တို့ ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးခဲ့တဲ့ပွဲဟာ ဘူကာယို ဆာကာ ရဲ့ ပြဿနာအစမဟုတ်ပါဘူး။ အဲဒီပွဲက အချိန်တော်တော်ကြာ တည်ရှိနေခဲ့တဲ့ မေးခွန်းတစ်ခုကို ပိုပြီး ထင်ရှားသွားစေတာပါ။ လက်ရှိ ဆာကာ ဟာ ကျွန်တော်တို့ သိခဲ့တဲ့ အကောင်းဆုံး ဆာကာ နဲ့ တူနေသေးသလား။ ဘရိုက်တန် ပွဲတစ်ပွဲကိုပဲ ဆွဲထုတ်ပြီး ဆာကာ ကို အပြစ်တင်မယ်ဆိုရင် မမျှတပါဘူး။ အာဆင်နယ် တစ်သင်းလုံးအနေနဲ့ ဘရိုက်တန်ရဲ့ pressing၊ intensity နဲ့ duel တွေကို မထိန်းနိုင်ခဲ့ဘူး။ အာတီတာ ကိုယ်တိုင်လည်း နည်းစနစ်ပိုင်းအမှားတွေနဲ့ duel တွေရှုံးခဲ့တာဟာ အဓိကပြဿနာဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ဆာကာ အကြောင်းဆွေးနွေးဖို့ ဘရိုက်တန် ပွဲကို မလိုပါဘူး။ သူ့ရဲ့ကစားပုံကို ပြီးခဲ့တဲ့နှစ်နှစ်လောက် ပြန်ကြည့်ရင် ဆွေးနွေးစရာက ရှိပြီးသားပါ။ ၂၀၂၃-၂၄ Premier League ရာသီမှာ ဆာကာ က ၁၆ ဂိုး၊ ၉ ကြိမ်ဖန်တီးခဲ့တယ်။ ၂၀၂၄-၂၅ မှာ ဒဏ်ရာကြောင့် ပွဲအရေအတွက်လျော့ခဲ့ပေမယ့် ၂၅ ပွဲကစားပြီး ၆ ဂိုး၊ ၁၀ ကြိမ်ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ ၃၁ ပွဲကစားပြီး ၇ ဂိုး၊ ၅ ကြိမ်ဖန်တီးမှုအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒီရာသီအစမှာတော့ ဆာကာ က ဂိုးရှေ့မှာ အလုပ်လုပ်နေသေးတယ်။ ဘရိုက်တန် ပွဲမတိုင်ခင် Premier League လေးပွဲမှာ သုံးဂိုးရထားတာကို လျစ်လျူရှုလို့ မရပါဘူး။ ဒါပေမယ့် ဖန်တီးမှုက သုညဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ပြဿနာကို “ဆာကာ ဂိုးမသွင်းနိုင်တော့ဘူး” ဆိုပြီး ရိုးရိုးရှင်းရှင်း သတ်မှတ်လို့မရပါဘူး။ ပြဿနာက သူ့ရဲ့ဂိုးအရေအတွက်ထက် အာဆင်နယ် ရဲ့တိုက်စစ်အပေါ် သူ့ရဲ့အကျိုးသက်ရောက်မှု ပြောင်းလဲလာတာပါ။ ဆာကာ အကောင်းဆုံးပုံစံမှာ သူဟာ winger တစ်ယောက်ထက် ပိုပါတယ်။ ဘောလုံးကို ဘယ်အချိန်မှာ ထိန်းထားရမလဲ၊ အိုဒီဂတ် နဲ့ ဘယ်အချိန်မှာ ချိတ်ဆက်ရမလဲ၊ overlap လာတဲ့ full-back ကို ဘယ်အချိန်ဘောလုံးပေးရမလဲ၊ နောက်ခံလူကို ကိုယ်တိုင်ရင်ဆိုင်မလား၊ box ထဲကို cut-back လုပ်မလားဆိုတဲ့ ဆုံးဖြတ်ချက်တွေက သူ့ကို elite winger အဖြစ် ခွဲထုတ်ပေးခဲ့တာပါ။ အခုမြင်နေရတဲ့ ဆာကာ မှာတော့ အဲဒီသဘာဝကျတဲ့ စီးဆင်းမှု မကြာခဏ ပျောက်နေပါတယ်။ တချို့တိုက်စစ်ဆင်ချိန်တွေမှာ ဘောလုံးကို လိုတာထက် တစ်ချက်၊ နှစ်ချက် ပိုကိုင်တယ်။ လူပေးနိုင်တဲ့ အနေအထား ရှိနေချိန်မှာ လူမပေး ကိုယ်တိုင် နောက်ခံလူ ကို ထပ်ရင်ဆိုင်တယ်။ Box နားရောက်လာချိန်မှာ teammate တစ်ယောက်ကို ပိုကောင်းတဲ့အခြေအနေထဲ ရောက်အောင်လုပ်ပေးနိုင်ပေမယ့် attack ကို ကိုယ်တိုင်ပြီးအဆုံးသတ်ချင်တဲ့ ဆုံးဖြတ်ချက်ကို ပိုရွေးလာတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကို “ဆာကာ ဟာ အတ္တကြီးတဲ့ ကစားသမားဖြစ်သွားပြီ” လို့ ပြောရင် အရမ်းလွန်သွားမယ်။ ဒါပေမယ့် သူ့ကစားပုံမှာ အရင်ကထက် individual action ကို ပိုရှာလာတာ၊ combination play နဲ့ release timing က အရင်လို မထက်မြက်တော့တာကိုတော့ ဝေဖန်လို့ရပါတယ်။ ဘရိုက်တန် ပွဲမှာလည်း ဒီကိစ္စရဲ့ ပုံရိပ်တစ်ခု တွေ့ခဲ့ရတယ်။ သူ အခွင့်အရေးရခဲ့တယ်၊ တစ်ယောက်ချင်း ရင်ဆိုင်မှုတွေ လုပ်ခဲ့တယ်၊ ဖန်တီးမှုတချို့လည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ် ပွဲကို ပြန်ဆွဲယူဖို့ လိုအပ်နေတဲ့အချိန်မှာ အသင်းရဲ့ အဓိက attacker တစ်ယောက်ဆီက မျှော်လင့်ရတဲ့ decisive moment ကို မပေးနိုင်ခဲ့ဘူး။ ဒါဟာ ဆာကာ မကောင်းတော့ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ ဆာကာ ဟာ အသက် ၂၅ နှစ်ပဲရှိသေးတယ်။ အာဆင်နယ် အတွက် Premier League မှာ ဂိုး ၆၀ ကျော်၊ assist ၅၀ ရှိပြီးသား ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့အဆင့်အတန်းကို ဘရိုက်တန် မှာ ၈၁ မိနစ်ကစားခဲ့တဲ့ ပွဲတစ်ပွဲက ဖျက်ပစ်လို့မရပါဘူး။ ဒါပေမယ့် ဒီနေရာမှာ အာဆင်နယ် နဲ့ အာတီတာ အတွက် ခွဲခြားထားရမယ့် အရာတစ်ခုရှိပါတယ်။ ကစားသမားတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ သူ့ရဲ့ လက်ရှိပွဲထွက်ခွင့်ဟာ တူညီတဲ့အရာ မဟုတ်ပါဘူး။ ဆာကာ ဟာ ဟေးလ်အန်း က ထွက်လာတယ်။ အာဆင်နယ် ပရိသတ်နဲ့ အလွန်နီးစပ်တယ်။ အင်္ဂလန် လက်ရွေးစင်ရဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်တယ်။ “Star Boy” ဆိုတဲ့ identity က အာဆင်နယ် ရဲ့ ခေတ်တစ်ခေတ်ကိုတောင် ကိုယ်စားပြုနေပါတယ်။ ဒါပေမယ့် မီခယ်လ် အာတီတာ က အာဆင်နယ် ရဲ့ head coach ပါ။ သူ့အလုပ်က ဆာကာ ရဲ့ status ကို ထိန်းသိမ်းပေးဖို့မဟုတ်ဘူး။ နောက်တစ်ပွဲမှာ အာဆင်နယ် ကို အကောင်းဆုံးဖြစ်စေနိုင်မယ့် လူစာရင်း ကို ရွေးဖို့ပါ။ အဲဒီအချက်က နာမည်၊ လစာ၊ academy background၊ အင်္ဂလန် international status တို့ထက် ပိုအရေးကြီးရပါမယ်။ ဒီတော့ ညာတောင်ပံမှာ ပြောင်းလဲမှုတစ်ခုလုပ်မယ်ဆိုရင် နိုနီ မာဒူအဲကီ က အလွယ်ဆုံးအဖြေဖြစ်တယ်။ မာဒူအဲကီ ဟာ senior football ကို သိပြီးသား။ Premier League ရဲ့ physical demand ကို သိတယ်။ Wide position မှာ one-versus-one ကို အမြဲရှာတယ်။ သူ့ကစားပုံက direct ဖြစ်ပြီး အစ်ပ်ဆွစ်ချ် နဲ့ League Cup ပွဲမှာလည်း ဂိုးရထားပါတယ်။ အာတီတာ က risk ကို အနည်းဆုံးထားချင်ရင် မာဒူအဲကီ ကို ရွေးတာ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ဆိုရင်တော့ မက်စ် ဒေါ်မန် ကို ရွေးမယ်။ ဒါဟာ မာဒူအဲကီ ထက် ဒေါ်မန် က ကစားသမားပိုကောင်းပြီးသားဆိုတဲ့ အဆိုမဟုတ်ပါဘူး။ ဒါဟာ ပိုရိုးရှင်းပါတယ်။ လက်ရှိ အာဆင်နယ် ရဲ့ညာခြမ်းမှာ လိုအပ်နေတဲ့အရာက “ပိုပြီးလုံခြုံခြုံနဲ့ ဘောလုံးကိုင်ထားတာ” မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ Unpredictability လိုတယ်။ မခန့်မှန်းနိုင်တဲ့ ကစားပုံ၊ Magic moment တွေလိုတယ်။ နောက်ခံလူ တစ်ယောက်က နောက်တစ်စက္ကန့်မှာ ဘာဖြစ်မယ်ဆိုတာ မသိနိုင်တဲ့ တိုက်စစ်ကစားသမား တစ်ယောက် လိုတယ်။ ဒေါ်မန် ရဲ့ အစ်ပ်ဆွစ်ချ် ပွဲကို ကြည့်ရင် အထူးခြားဆုံးအရာက နှစ်ဂိုးသွင်းခဲ့တာတင် မဟုတ်ဘူး။ သူဟာ ဘောလုံးရတိုင်း နောက်ခံလူ ကို အာရုံပျက်ပြားအောင်လုပ်နိုင်တယ်။ သူ့ရဲ့ ပထမဆုံးအတွေးက က possession ကို ကာကွယ်ဖို့ မဟုတ်ဘူး။ Space ဖန်တီးဖို့၊ လူကျော်ဖို့၊ ဂိုး ကို တိုက်ရိုက်တိုက်သွင်းနိုင်ဖို့ပါ။ ၁၆ နှစ်သားတစ်ယောက်အတွက် အဲဒီ mentality က ပုံမှန်မဟုတ်ပါဘူး။ အစ်ပ်ဆွစ်ချ် ကို ၄-၂ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ဒေါ်မန် က နှစ်ဂိုးသွင်းပြီး Premier League ကလပ်တစ်ခုအတွက် တစ်ပွဲတည်းမှာ နှစ်ဂိုးသွင်းနိုင်တဲ့ ၁၆ နှစ်သားအဖြစ် ဝိန်း ရွန်နီ နောက်ပိုင်း အဲဒီ achievement ကို ပြန်လုပ်နိုင်ခဲ့သူ ဖြစ်လာပါတယ်။ ဒီနေရာရောက်လာရင် အမြဲတမ်းပြောလာမယ့် အကြောင်းပြချက်တစ်ခုရှိပါတယ်။ “သူက ၁၆ နှစ်ပဲရှိသေးတယ်။” မှန်ပါတယ်။ ဒါပေမယ့် ထိပ်တန်း ဘောလုံးလောက မှာ ပါရမီရှင် တစ်ယောက် အဆင့်သင့် ဖြစ်မဖြစ်ကို မွေးစာရင်းတစ်ခုတည်းနဲ့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဘောလုံးသမိုင်းထဲက အရေးကြီးဆုံးကစားသမားတချို့ ပေါ်လာချိန် နောက်ကျခဲ့မှာပါ။ ဝိန်း ရွန်နီ ဟာ ၁၆ နှစ်အရွယ်မှာ အာဆင်နယ် ရဲ့ ပွဲ ၃၀ ဆက် မရှုံးစံချိန်ကို အဆုံးသတ်ပေးတဲ့ဂိုး သွင်းခဲ့တယ်။ အဲဒီအချိန်မှာ သူက အသက် ၁၆ နှစ် ၃၆၀ ရက် ပဲ ရှိသေးပါတယ်။ မိုက်ကယ် အိုဝင် ဟာ လီဗာပူး ပထမအသင်းကို အသက် ၁၇ နှစ်နဲ့ ရောက်လာတယ်။ Debut ပွဲမှာတင် ဂိုးသွင်းခဲ့ပြီး ပထမဆုံး full season မှာ ပြိုင်ပွဲစုံ ၂၃ ဂိုးအထိ သွင်းခဲ့တယ်။ တစ်နှစ်အကြာမှာတော့ World Cup စင်မြင့်ပေါ်မှာ အင်္ဂလန် အတွက် သူ့အဆင့်ကို ကမ္ဘာတစ်ဝန်းမြင်ခဲ့ရပါတယ်။ ပြီးတော့ လာမင်း ယာမယ် ရှိတယ်။ ယာမယ် ကို အသက်မပြည့်လို့ ပွဲထွက်ခွင့် မပေးခဲ့ဘူးဆိုရင် သူ့ရဲ့ career trajectory က လုံးဝမတူနိုင်ပါဘူး။ စပိန် က EURO 2024 အဖွင့်ပွဲမှာ သူ့ကို ပွဲထွက်ခွင့်ပေးချိန် ၁၆ နှစ် ၃၃၈ ရက် ပဲရှိသေးတယ်။ ပြင်သစ် နဲ့ semi-final မှာ ဂိုးသွင်းချိန် ၁၆ နှစ် ၃၆၂ ရက်။ အင်္ဂလန် နဲ့ final ကစားချိန်မှာတော့ အသက် ၁၇ နှစ်ပြည့်ပြီး တစ်ရက်ပဲရှိသေးတယ်။ အဲဒီပြိုင်ပွဲမှာ တစ်ဂိုး၊ assist လေးကြိမ်ရပြီး စပိန် နဲ့ European champion ဖြစ်ခဲ့ပါတယ်။ ယာမယ် က အသက် ၁၆ နှစ်မှာ နိုင်ငံအသင်းအတွက် ကြီးမားတဲ့ပွဲတွေ မကစားခဲ့ရင် အသက် ၁၇ နှစ်မှာ EURO final ရဲ့ဖိအားကို ဘယ်လိုသိနိုင်မလဲ။ အတွေ့အကြုံဆိုတာ ကစားသမားတစ်ယောက် အသက်ကြီးလာလို့ အလိုအလျောက် ရလာတာမဟုတ်ပါဘူး။ အတွေ့အကြုံရဖို့ ကစားရပါတယ်။ ဒါကြောင့် အာတီတာ အနေနဲ့ ဒေါ်မန် ကို ရွန်နီ၊ အိုဝင်၊ ယာမယ် နဲ့ တန်းတူအဆင့်ရှိနေပြီလို့ ပြောဖို့ မလိုပါဘူး။ အဲဒီလိုလုပ်တာက ၁၆ နှစ်သားတစ်ယောက်အပေါ် မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတင်ပေးတာပဲ ဖြစ်မှာပါ။ နှိုင်းယှဉ်ရမယ့်အချက်က quality မဟုတ်ဘူး။ အခွင့်အရေး (Opportunity) ပါ။ ရွန်နီ အတွက် ဒေးဗစ် မိုယက်စ် က တံခါးဖွင့်ပေးခဲ့တယ်။ အိုဝင် အတွက် ရွိုင်း အီဗန်စ် က တံခါးဖွင့်ပေးခဲ့တယ်။ ယာမယ် အတွက် ဘာစီလိုနာ နဲ့ စပိန် က အသက်ကို အကြောင်းပြပြီး တံခါးမပိတ်ခဲ့ဘူး။ ပါရမီရှင်တစ်ယောက်ရဲ့ skills က စီနီယာ level ကို တက်ဖို့ အလုံအလောက်ရှီနေပြီဆိုရင် နည်းပြရဲ့အလုပ်ဟာ အဲဒီ ပါရမီရှင် ကို “ကလေးပဲရှိသေးတယ်” ဆိုပြီး အခွင့်အရေးမပေးပဲ ထုံးစံအတိုင်း လူငယ်တွေကို လုပ်နေကြ အတိုင်း တခြားအသင်းသေးတစ်ခုကို အငှားချပစ် ဖို့ မဟုတ်ပါဘူး။ ဖယောင်းတိုင် တစ်ချောင်းကို မီးလောင်မသွားအောင် စနစ်တကျစီမံပြီး မှန်ကန်တဲ့အချိန်မှာ မီးထွန်းပေးဖို့ပါ။ အာတီတာ က ဒေါ်မန် ကို သတိထားပြီး develop လုပ်ချင်တာ မှန်ပါတယ်။ အစ်ပ်ဆွစ်ချ် ပွဲအပြီးမှာလည်း သူ့ရဲ့ talent ကို ချီးကျူးသလို development ကို ထိန်းချုပ်ရမယ်ဆိုတဲ့သဘောထား ပြောထားပါတယ်။ ဒါပေမယ့် careful management နဲ့ excessive protection ဟာ တူညီတဲ့အရာ မဟုတ်ပါဘူး။ ကစားသမားငယ်တစ်ယောက်ကို ကာကွယ်ပေးတာဆိုတာ အမြဲတမ်း ခုံပေါ်မှာထားတာ မဟုတ်ဘူး။ တချို့အချိန်မှာတော့ သူ့ရှေ့က တံခါးကိုဖွင့်ပြီး “မင်းဒီအဆင့်မှာ ကစားနိုင်တယ်ဆိုတာ သက်သေပြ” လို့ ပြောပေးတာပါ။ အထူးသဖြင့် လက်ရှိ အာဆင်နယ် လို squad depth ရှိတဲ့အသင်းမှာ ဒေါ်မန် ကို ပွဲထွက်ခွင့်ပေးခြင်းဟာ သူ့ကို အသင်းတစ်သင်းလုံး သယ်ခိုင်းတာ မဟုတ်ပါဘူး။ ဒီကလန် ရိုက်စ်၊ အိုဒီဂတ်၊ ဆာလီဘာ၊ ဂါဘရီယယ် နဲ့ senior attackers တွေနဲ့ ဝန်းရံထားတဲ့ environment ထဲမှာ မိနစ် ၆၀၊ ၇၀ အထိ သူ့ရဲ့အရည်အသွေးကို စမ်းသပ်ခြင်းပါ။ အဲဒီ risk ကို အာဆင်နယ် ယူနိုင်ပါတယ်။ တစ်ဖက်မှာ ဆာကာ ကို တစ်ပွဲအနားပေးခြင်းဟာလည်း crisis မဟုတ်ပါဘူး။ တကယ်တော့ ဆာကာ အတွက်တောင် ကောင်းနိုင်တယ်။ နှစ်အတော်ကြာ အာဆင်နယ် ရဲ့ညာခြမ်းမှာ သူ့နေရာကို တကယ်ခြိမ်းခြောက်နိုင်တဲ့ ပြိုင်ဆိုင်မှုမရှိသလောက် ဖြစ်ခဲ့တယ်။ ပွဲထွက်လူစာရင်း ထဲမှာ သူပါမယ်ဆိုတာ ကိုယ်တိုင်သိ၊ ပြိုင်ဘက်သိ၊ အသင်းဖော်သိ ဖြစ်လာခဲ့ပါတယ်။ Elite squad တစ်ခုမှာ အဲဒီအခြေအနေက မဖြစ်သင့်ပါဘူး။ Competition ဆိုတာ squad player တွေအတွက်ပဲ မဟုတ်ဘူး။ Star player တွေအတွက်လည်း ဖြစ်ရမယ်။ ဆာကာ ဟာ အာဆင်နယ် ရဲ့ အရေးကြီးဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်နေဆဲပါ။ ဒါပေမယ့် အရေးကြီးဆုံးကစားသမားဆိုတာ အမြဲတမ်းပွဲထွက်ရမယ်လို့ မဆိုလိုပါဘူး။ တခါတလေ နည်းပြတစ်ယောက်ရဲ့ အကောင်းဆုံးဆုံးဖြတ်ချက်က star ကို ဆက်ပြီးယုံကြည်ပေးတာ ဖြစ်တတ်သလို၊ တခါတလေတော့ သူ့နေရာဟာ အမြဲတမ်းရှိနေမှာ မဟုတ်ကြောင်း သတိပေးခြင်း ဖြစ်ပါတယ်။ ဘရိုက်တန် ရှုံးပွဲကြောင့် ဆာကာ ကို အပြစ်ပေးဖို့ မလိုပါဘူး။ သူ့ကို စွန့်လွှတ်ဖို့ ပိုလို့တောင် မလိုပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီကစပြီး creative influence ကျလာမှု၊ final-third decision တွေမှာ မြင်နေရတဲ့ အပြောင်းအလဲနဲ့ ဒီရာသီမှာ ဂိုးရနေပေမယ့် အရင် ဆာကာ လို တိုက်စစ်တစ်ခုလုံးကို ချိတ်ဆက်ပေးနေတဲ့ပုံ မမြင်ရသေးတာကို အာတီတာ က မမြင်ချင်ယောင်ဆောင်လို့လည်း မရပါဘူး။ မာဒူအဲကီ ကို ရွေးရင် နားလည်နိုင်ပါတယ်။ သူဟာ ပိုလုံခြုံတဲ့ရွေးချယ်မှုပါ။ ဒါပေမယ့် ကျွန်တော်သာ ရွေးရမယ်ဆိုရင်တော့ မက်စ် ဒေါ်မန် ကို ရွေးမယ်။ ဆာကာ ထက် ကောင်းလို့ မဟုတ်ဘူး။ ၁၆ နှစ်သား wonderkid တစ်ယောက်ကို hype လုပ်ချင်လို့လည်း မဟုတ်ဘူး။ ဒီအချိန် အာဆင်နယ် ရဲ့ညာခြမ်းမှာ လိုအပ်နေတဲ့ မခန့်မှန်းနိုင်မှု၊ ရဲရင့်မှုနဲ့ defender ကို ချက်ချင်းတိုက်ခိုက်ချင်တဲ့ instinct ကို ဒေါ်မန် က ပေးနိုင်မယ်လို့ ယုံကြည်လို့ပါ။ ဆာကာ က သူ့နေရာကို ပြန်ယူနိုင်ပါတယ်။ တကယ်ကောင်းတဲ့ ဆာကာ ဆိုရင် ပြန်ယူမှာပါ။ ဒါပေမယ့် ပွဲထွက်နေရာကို သူ့နာမည်ကြောင့် ပြန်မပေးသင့်ပါဘူး။ သူ့ခြေစွမ်းကြောင့် ပြန်ယူခိုင်းသင့်ပါတယ်။ အဲဒါက ဆာကာ အပေါ် မလေးစားတာ မဟုတ်ဘူး။ အာဆင်နယ်လို ချန်ပီယံအသင်းတစ်သင်းမှာ ရှိသင့်တဲ့ စံနှုန်းကို ဆာကာ အပါအဝင် လူတိုင်းအပေါ် တူတူထားခြင်းပါပဲ။
Opinion / Tactical Analysis
ဆာကာကို အနားပေးဖို့ အချိန်ရောက်ပြီလား
ဘရိုက်တန်ရှုံးပွဲတစ်ပွဲတည်းကြောင့် မဟုတ်ဘဲ ပြီးခဲ့တဲ့ရာသီကစပြီး ဆာကာရဲ့ တိုက်စစ်အပေါ် သက်ရောက်မှု လျော့ကျလာမှုကို သုံးသပ်ကာ၊ အာဆင်နယ်ရဲ့ ညာတောင်ပံမှာ မက်စ် ဒေါ်မန်ကို အခွင့်အရေးပေးသင့်မသင့် ဆွေးနွေးထားသည်။
An approved English edition is not available yet. The original Burmese article is shown below.




