အာဆင်နယ်အသင်း၏ အသက် ၁၆ နှစ်အရွယ် တိုက်စစ်ကစားသမား မက်စ်ဒေါင်းမန်းသည် ကာရာဘောင်ဖလားပွဲစဉ်တွင် အစ်ပစ်ချ်အသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ ယခုရာသီ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရရှိခဲ့ပြီး နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သည်။ အင်္ဂလန် လူငယ်လက်ရွေးစင် ဒေါင်းမန်း၏ ခြေစွမ်းကြောင့် အာဆင်နယ်အသင်းသည် ကာရာဘောင်ဖလား ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ထိုပွဲအပြီးတွင် အာဆင်နယ်ကွင်းလယ်လူ မီးကေးလ်မီရီနိုက ဒေါင်းမန်း၏ ကစားပုံသည် လာမင်းယာမယ်လ်နှင့် အလွန်ဆင်တူကြောင်းနှင့် ဒေါင်းမန်းသည် ထူးချွန်သည့် ပါရမီရှင်တစ်ဦးဖြစ်သဖြင့် သေချာစွာ စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ နည်းပြ မီးကေးလ်အာတေတာကလည်း စီနီယာအသင်းတွင် အခွင့်အရေးများ ပေးထားသည့် ဒေါင်းမန်းအပေါ် စိတ်ဝင်စားမှု မြင့်မားနေခြင်းကို ထိန်းချုပ်ရန် လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်း ဝန်ခံခဲ့သည်။




